SPDC's Proxy and Pro SPDC Party list to enter 2010 Election (Irrawaddy)

From Tracking Burmese Junta

Jump to: navigation, search

ကြံ့ဖွံ့အသင်းက ၃ ပါတီ ဖွဲ့မည်ဟုဆို MONDAY, 15 MARCH 2010 19:39 နရီလင်းလက်

ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး အသင်းသည် “ရှေ့ဆောင် ဒီမိုကရေစီ ပါတီ” အပါအ၀င် ပါတီ ၃ ခုအဖြစ် အသွင်ပြောင်းရန် ပြင်ဆင် နေသည်ဟု ထိုအသင်းနှင့် နီးစပ်သည့် နိုင်ငံရေး သမားတဦးက ပြောသည်။


ကြံ့ခိုင်ရေးအသင်း အထွေထွေ အတွင်းရေးမှူး ဗိုလ်ချုပ်ဌေးဦးနှင့် ဂျပန်မှ လူငယ်ကိုယ်စားလှယ်များ တွေ့ဆုံနေပုံ (ဓာတ်ပုံ - www8.cao.go.jp)

“ရှေ့ဆောင် ဒီမိုကရေစီ ပါတီက အဓိက ပါတီ ဖြစ်ပြီး နောက်ထပ် ကြံ့ခိုင်ရေး လူငယ်တွေ ပါတဲ့ ပါတီတခုနဲ့ အမျိုးသမီးတွေ ပါတဲ့ ပါတီ တခုပါ ပါမယ်လို့ သိရတယ်” ဟု အမျိုးသား နိုင်ငံရေး အဖွဲ့မှ သဘာပတိ အဖွဲ့ဝင် ဦးအုန်းလွင်က ပြောသည်။

ဤသတင်းနှင့် ပတ်သက်ပြီး စစ်အစိုးရက ဦးစီးဖွဲ့စည်း ထားသည့် ကြံ့ခိုင်ရေး အသင်းမှ တာဝန်ရှိသူ များထံမှ အတည်ပြုချက် ရယူနိုင်ခြင်း မရှိသေးပေ။

ပြီးခဲ့သည့် အပတ်က ထွက်ပေါ်လာသော ရွေးကောက်ပွဲ ဥပဒေအရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကဲ့သို့သော တည်ဆဲ ပါတီများသည် ၂၀၁၀ ရွေးကောက်ပွဲတွင် ပါဝင်ရေးအတွက် ရက်ပေါင်း ၆၀ အတွင်း မှတ်ပုံတင်ရမည် ဖြစ်သည်။

စစ်အစိုးရက ပါတီ အသစ်များ မှတ်ပုံတင်ခွင့်ကို ယခု အချိန်အထိ တရားဝင်ထုတ်ပြန်ခြင်း မပြုသေးသော်လည်း နိုင်ငံရေးသမား အများအပြားက ပါတီများ ဖွဲ့စည်းပြီး လှုပ်ရှားရန် အသင့်ပြင်နေကြသည်။

ရွေးကောက်ပွဲအတွက် အဆင်သင့် ဖြစ်နေသည့် အဖွဲ့များတွင် ၁၉၉၀ ရွေးကောက်ပွဲ နောက်ပိုင်း အဖျက်သိမ်းခံခဲ့ရသော နိုင်ငံရေး ပါတီတချို့မှ ခေါင်းဆောင်များဖြင့် ဖွဲ့စည်းထားသည့် ဒီမိုကရက်တစ်ပါတီလည်း ပါဝင်သည်။

“မနေ့က အန်တီတို့ရုံး စပြီး ဖွင့်တယ်။ ဒီနေ့ ပါတီဝင်တွေ စပြီး လက်ခံတယ်။ လူတွေကလေ အန်တီတို့ဆီက လျှောက်လွှာတွေ တောင်းတယ်” ဟု ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင်တဦးဖြစ်သူ ဒေါ်ချိုချိုကျော်ငြိမ်းက ပြောသည်။

ပါတီခေါင်းဆောင်များဖြစ်သည့် ဦးသုဝေ၊ ဒေါ်ချိုချိုကျော်ငြိမ်း၊ ဒေါ်နေရီဘဆွေ၊ ဒေါ်သန်းသန်းနွဲ့တို့၏ ဓာတ်ပုံများပါဝင်သည့် လက်ကမ်းစာစောင်များ ပုံနှိပ်ကာ ရက်ပိုင်းအတွင်း ပါတီစည်းရုံးရေးလှုပ်ရှားမှုများ ပြုလုပ်သွားမည်ဟု ဒေါ်ချိုချိုကျော်ငြိမ်းက ဧရာဝတီကို ရှင်းပြသည်။

၈၈ မျိုးဆက်ကျောင်းသား လူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ) မှ ခေါင်းဆောင်များသည်လည်း မြို့ကြီးများတွင် စည်းရုံးရေး ဆင်းနေသည်ဟု သိရသည်။

“ဗဟို ဦးစီးအဖွဲ့ဝင်တွေက တောင်ငူ၊ နေပြည်တော်နဲ့ စစ်ကိုင်းမြို့တွေကို ရောက်နေပါတယ်။ စည်းရုံးရေးက ၃ ရက် ခရီးစဉ်ပါ” ဟု ထိုအဖွဲ့၏ ဥက္ကဋ္ဌ ဦးရဲထွန်းက ပြောသည်။

အမျိုးသားနိုင်ငံရေးမဟာမိတ်အဖွဲ့ကလည်း ပါတီ မှတ်ပုံတင်ရန် အသင့် ဖြစ်နေသည်ဟု ပါတီ ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးကြည်ဝင်းက ပြောသည်။

“ပါတီ အလံတွေလည်း ရွေးထားပြီးပြီ။ ကျနော်တို့ ပါတီရဲ့ ဖွဲ့စည်းပုံ စည်းမျဉ်းတွေလည်း ရှိတယ်။ ပါတီဌာနချုပ်ကိုတော့ ရန်ကုန်မှာပဲ လုပ်ဖို့ ရည်ရွယ်ထားတယ်” ဟု ဦးကြည်ဝင်းက ပြောသည်။

NLD ပါတီဝင်ဟောင်း ဦးကြည်ဝင်းတို့၏ အဖွဲ့သည် နိုင်ငံရေးအဖွဲ့ ၉ ဖွဲ့ဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်ဟု သိရသည်။

ထိုအဖွဲ့များမှာ ၁။ တသီးပုဂ္ဂလ ညီလာခံ ကိုယ်စားလှယ်များအဖွဲ့ ၂။ ၀ံသာနု NLD အဖွဲ့ ၃။ နိုင်ငံရေး ဘောဂဗေဒ လေ့လာရေး မျိုးဆက်သစ် ကျောင်းတော်သားစု အဖွဲ့ ၄။ ငြိမ်းချမ်းရေးနှင့် တိုးတက်ရေးအဖွဲ့ ၅။ အမျိုးသား လူငယ် NLD (မြန်မာနိုင်ငံ) ၆။ အမျိုးသား ပြန်လည် စည်းလုံးညီညွတ်ရေး၊ သုတေသန နှင့် တိုးချဲ့ ထုတ်လုပ်ရေး ကျောင်းတော်သားစု ၇။ ဒီမို NLD ၈။ မျိုးချစ် အမျိုးသား အစည်းအရုံး ၉။ အမျိုးသား နိုင်ငံရေး အင်အားစု (ရခိုင်ပြည်နယ်) တို့ ဖြစ်ကြသည်။

Personal tools