Daw Suu and NLD reaction on SPDC 2010 Election Law (Mar 11, 2010)
From Tracking Burmese Junta
စိန်ခေါ်မှုတွေကို ညီညွတ်စွာ ရင်ဆိုင်ကြဖို့ ဒေါ်စု တိုက်တွန်း
11 March 2010 VOA
ရွေးကောက်ပွဲ ဥပဒေဟာ NLD ကိုရော၊ မြန်မာပြည်သူ အားလုံးအတွက်ပါ စိန်ခေါ်မှုတရပ် ဖြစ်ပြီးတော့ ဒီစိန်ခေါ်မှုကို ရင်ဆိုင်ကြဖို့ ပြည်သူတွေအားလုံး ညီညွတ်ဖို့ လိုအပ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး နေအိမ်အကျယ်ချုပ် ကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဒီနေ့ သွားတွေ့ခွင့် ရခဲ့တဲ့ ရှေ့နေကြီး ဦးဉာဏ်ဝင်းကို ဒေါ်ခင်မျိုးသက်က ဆက်သွယ်မေးမြန်းပြီး တင်ပြပေးထားပါတယ်။
မြန်မာစစ်အစိုးရ ထုတ်ပြန်လိုက်တဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမြင်သဘောထားကို သိနိုင်ဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုကိစ္စနဲ့ ပတ်သက်ပြီး ဒီနေ့ တွေ့ခွင့်ရခဲ့တဲ့ အကျိုးဆောင် ရှေ့နေကြီး ဦးဉာဏ်ဝင်းကို မေးကြည့်ပါတယ်။ “ဒေါ်စုပြောတာက ဒီဥပဒေတွေက ဖတ်လိုက်တာနဲ့ ပုဂ္ဂိုလ်တဦးတယောက်ကို ရည်ရွယ်ပြီး ရေးတယ်လို့ ထင်စရာ ဖြစ်နေတယ်တဲ့။ အဲဒီလို ပုဂ္ဂိုလ်တဦးတယောက်ကို ရည်ရွယ်ပြီး ရေးတယ်ဆိုရင် အလွန်ရှက်ဖို့ ကောင်းတာပဲတဲ့။ ဒီဥစ္စာ မဖြစ်သင့်ဘူးတဲ့။ ဥပဒေရဲ့ ဂုဏ်သိက္ခာလည်း ကျဆင်းစေတယ်တဲ့။ အဲဒီလို ပြောလိုက်ပါတယ်။
“တစုံတယောက်၊ ပုဂ္ဂိုလ်တဦးတယောက်ကို ရည်ရွယ်ပြီး ရေးသားတယ်လို့ ထင်မြင်စရာ ပေါ်နေတယ်။ အဲဒီလို ထင်မြင်ချက် ပေါ်တာကိုက မကောင်းဘူး။ ဒါဟာ တဦးတယောက်အတွက် ဥပဒေ မဖြစ်သင့်ဘူး။ ဥပဒေရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတယ်။ ရှက်ဖို့ကောင်းတယ်လို့ ပြောပါတယ်။” “ဒေါ်အောင်ဆန်းစုကြည် ပြောတာကတော့ ဒီဥပဒေတွေက အဖွဲ့ချုပ် အတွက်ရော၊ အားလုံးအတွက်ပါ တကယ့် စိန်ခေါ်မှုတွေပဲ။ အဲဒီစိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ ညီညီညွတ်ညွတ်နဲ့ ရင်ဆိုင်ကြဖို့ လိုတယ်။ ပြည်သူလူထုကလည်း ဒီစိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့၊ စိန်ခေါ်မှုတွေကို ကျော်ဖြတ်နိုင်ဖို့ ညီညွတ်ဖို့၊ စိတ်ဓာတ်ခွန်အားတွေ ရှိဖို့ လိုတယ်လို့ အဲဒီလို ပြောတာပါ။ ဒီစိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်ဖို့၊ ကျော်ဖြတ်ဖို့၊ ကျော်လွန်ဖို့၊ အောင်မြင်ဖို့ဟာ ပိုပြီးတော့ ညီညွတ်မှု ရှိရှိနဲ့ ဆောင်ရွက်ဖို့ စိတ်ဓာတ်တွေကို ဖြစ်ပေါ်စေတယ်တဲ့။”
အခု ပါတီက ရက်ပေါင်း ၆၀ အတွင်းမှာ မှတ်ပုံမတင်ရင် ဒီပါတီက ဖျက်သိမ်းရမယ်ဆိုတော့ အန်တီစု အနေနဲ့ ပါတီရဲ့ ရပ်တည်မှုနဲ့ ပတ်သက်တဲ့ သဘောထား ဘယ်လိုရှိပါသလဲ။
“အဲဒီဟာကတော့ အလုပ် လုပ်ကြရမယ်။ ဒီအချက်နဲ့ ပတ်သက်ပြီး၊ ဒီ ထုတ်ပြန်တဲ့ ဥပဒေတွေနဲ့ ပတ်သက်ပြီး ဘယ်လို ဆောင်ရွက်သင့်တယ် ဆိုတာကို ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ တွေးခေါ်မှုတွေကို ပြောလိုက်ပါတယ်။ အဲဒီတွေးခေါ်မှုတွေကတော့ လောလောဆယ် ကျနော် ထုတ်ပြန်ဖို့ မရှိသေးပါဘူး။ ဒါ CEC အဖွဲ့မှာ တင်ပြပြီးတော့ အဲဒီက အလုပ်လုပ်တဲ့ အခါကျရင်တော့ ကျနော်တို့ ပြောပါမယ်။”
ရွေးကောက်ပွဲ ကော်မရှင် ဥပဒေနဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ နှစ်ခုကို အန်တီစုအနေနဲ့ နောက်ထပ် ဘယ်လိုဝေဖန်တာမျိုး ရှိပါသေးလဲ။
“ဒီဥပဒေတွေကတော့ တဖက်သတ် ရေးထားတဲ့ ဥပဒေတွေပဲတဲ့။ မျှတမှု မရှိဘူး၊ သူတို့လိုချင်တဲ့ ဟာကိုလည်း သူတို့က ပွင့်ပွင့်လင်းလင်း ပြောင်ပြောင်တင်းတင်းပဲ ရေးထားတော့ ဒါလည်း တမျိုးတော့ ကောင်းပါတယ်တဲ့။ ပြည်သူလူထုက သူတို့သဘောထားကို အလွယ်တကူ သိရတာပဲလို့ အဲဒီလို ပြောပါတယ်။”
ရှေ့နေကြီး ဦးဉာဏ်ဝင်း ပြောပြခဲ့တာ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ၁၈ လ ထပ်မံချထားခဲ့တဲ့ အမှုအတွက် အထူးအယူခံ တင်သွင်းဖို့ ကိစ္စကိုလည်း ဆွေးနွေးခဲ့တယ်လို့ ပြောပါတယ်။
“ကျနော်တို့ တရားရုံး သွားပြီးတော့ ဒေါ်စုရဲ့အမှုတွေ ရေးထားတာတွေ အတည်ပြုချက် ယူတာပါ။ ၂၆ ရက်နေ့က တရားရုံးချုပ်က ချမှတ်တဲ့ အမိန့်၊ ဒီအမိန့် မိတ္တူတွေကို မနေ့ကမှ ရတယ်။ အဲဒီရတဲ့ မိတ္တူတွေကို ဒေါ်စုကို ပြတယ်။ ဒီအထဲက ကျနော်တို့ တန်ပြန်တင်ပြဖို့ အချက်တွေကို ဆွေးနွေးတယ်။
“အမှုသွား အမှုလာက ဥပဒေအရ ရှင်းတယ်။ ဒေါ်စုက ဘာအပြစ်မှ မကျူးလွန်ဘူး။ နောက်ပြီးတော့ သူတို့ အရေးယူတာတွေလည်း အကုန်မှားနေတယ်။ ဒါတွေကို ကျနော်တို့ ထောက်ပြတာ။ အခြေအနေကတော့ အမြန်ဆုံး တင်နိုင်ဖို့ ကျနော်တို့ ကြိုးစားနေတယ်ဆိုတာ ပြောချင်တယ်။”
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေကြီး ဦးဉာဏ်ဝင်း ပြောပြခဲ့တာ ဖြစ်ပါတယ်။
ရွေးကောက်ပွဲ ဥပဒေ နိုင်ငံတကာ ဝေဖန်
11 March 2010 VOA
စစ်အစိုးရက ထုတ်ပြန်လိုက်တဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရဆိုရင် လာမယ့် ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ပါဝင်ခွင့်ကို ပိတ်ပင်ထားတာမို့ မြန်မာစစ်အစိုးရ အပေါ်မှာ နိုင်ငံတကာက ပြစ်တင် ဝေဖန်လာကြပါတယ်။
ဒီဥပဒေအရ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေး အကျဉ်းသား ၂,၀၀၀ ကျော်ကို ရွေးကောက်ပွဲမှာ ပါဝင်ခွင့် ပိတ်ပင်ထားတဲ့အတွက် ဒီဥပဒေကို အမေရိကန် ပြည်ထောင်စုက ပြစ်တင် ဝေဖန်ပါတယ်။ ဒီဥပဒေဟာ ဒီမိုကရေစီရေး လုပ်ငန်းစဉ်နဲ့ လွဲချော်နေတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ ပီ.ဂျေ ခရော်လီ (P.J Crowley) က ပြောဆိုလိုက်ပြီး လာမယ့် ရွေးကောက်ပွဲ အပေါ်မှာ အများက လက်ခံယုံကြည်နိုင်မှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။
အခု ဒီဥပဒေဟာ နိုင်ငံရေး အင်အားစုတွေနဲ့ တိုင်ပင်ဆွေးနွေးခြင်း မရှိဘဲနဲ့ တဖက်သတ် ထုတ်ပြန်တာမို့ ၀မ်းနည်းစရာပါပဲလို့ ဗြိတိန်နိုင်ငံကလည်း ပြောပါတယ်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) ကတော့ ကုလသမဂ္ဂ အနေနဲ့ ဒီဥပဒေကို လေ့လာနေတုန်းပဲလို့ ဆိုပါတယ်။ ဒါပေမဲ့လည်း ရထားတဲ့ အချက်အလက်အရ ဆိုရင်တော့ အားလုံးပါဝင်နိုင်တဲ့ နိုင်ငံရေး လုပ်ငန်းစဉ်တရပ်လို့ မျှော်လင့်လို့ မရနိုင်ဘူးလို့ ကြေညာချက် ထုတ်ခဲ့ပါတယ်။
ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် မြန်မာနိုင်ငံသား အားလုံး ဒီရွေးကောက်ပွဲမှာ လွတ်လွတ်လပ်လပ်နဲ့ ပါဝင်ခွင့် ပေးခြင်းအားဖြင့် လွတ်လပ်မျှတပြီး အများက ယုံကြည်လက်ခံနိုင်တဲ့ ရွေးကောက်ပွဲတခု ဖြစ်လာအောင်လုပ်ဖို့ အတွင်းရေးမှူးချုပ်က မြန်မာအာဏာပိုင်တွေကို ထပ်မံ တိုက်တွန်းပါတယ်။
အမေရိကန် အထက်လွှတ်တော်အမတ် မစ်ခ်ျ မက်ကောနဲလ် (Mitch McConnell) ကတော့ အခုလို ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားတွေ ရွေးကောက်ပွဲမှာ ပါဝင်ခွင့် မပေးဘူးဆိုတာ ဒီစစ်အစိုးရ အနေနဲ့ အာဏာဆက်ကိုင်ထားဦးမယ် ဆိုတာ ရှင်းရှင်းလင်းလင်း ပြသလိုက်တာဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။
စစ်အစိုးရ ရွေးကောက်ပွဲ ကော်မရှင် ဘက်လိုက်မှု ရှိမရှိ ဆန်းစစ်ဖို့လို
11 March 2010 VOA
ဒီညနေပိုင်းမှာပဲ အခုကျင်းပမယ့် ရွေးကောက်ပွဲအတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်တရပ်ကို ဖွဲ့စည်းလိုက်တဲ့အကြောင်း မြန်မာ့အသံက ကြေညာသွားပါတယ်။ ဒါပေမဲ့ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌက စစ်သားဟောင်းတယောက် ဖြစ်နေတဲ့အတွက် ထောက်ပြဝေဖန်မှုတွေလည်း ရှိနေပါတယ်။ အကြောင်းစုံကို မသင်းသီရိက တင်ပြပေးထားပါတယ်။
အဖွဲ့ဝင် ၁၇ ဦးပါတဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် စာရင်းကို ဒီနေ့ ထုတ်ပြန်လိုက်တဲ့အထဲမှာ တရားရုံးချုပ်က ဒုတိယ တရားသူကြီးချုပ် ဦးသိန်းစိုးက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မယ်လို့ ကြေညာလိုက်ပါတယ်။ အဖွဲ့ဝင်တွေကတော့ ဦးအင်ဇော်နော်၊ ဦးခင်မောင်နု၊ ဦးစိုးဘလှိုင်၊ ဒေါက်တာဘမောင်၊ ဦးညွန့်တင်၊ ဦးမောင်သာလှ၊ ဦးစိုင်းခုမ်လှိုင်၊ ဦးအောင်မြင့်၊ ဦးမြင့်နိုင်၊ ဒေါက်တာတင်အောင်အေး၊ ဦးသာဦး၊ ဒေါက်တာမောင်ထူး၊ ဦးသာဌေးနဲ့ ဦးဝင်းကြည်တို့ ဖြစ်ပြီး အမျိုးသမီး ၂ ဦးကတော့ ဒေါက်တာ ဒေါ်မြင့်ကြည်နဲ့ ဒေါ်ခင်လှမြင့်တို့ ဖြစ်ပါတယ်။
အဲဒီထဲမှာ ဥက္ကဋ္ဌအဖြစ် တာဝန်ယူမယ့် ဦးသိန်းစိုးက အရင်က စစ်ဥပဒေ တရားရုံးချုပ်မှာ ဗိုလ်ချုပ်အဆင့်နဲ့ တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်တာမို့ ဒါဟာ လွတ်လပ်ပြီး ပယောဂကင်းတဲ့ ခေါင်းဆောင်မှု ရှိပါ့မလားလို့ တွေးစရာ၊ သံသယဖြစ်စရာမျိုးတွေ ရှိနေတယ်လို့ ဟောင်ကောင်အခြေစိုက် AHRC အာရှလူ့အခွင့်အရေး ကော်မရှင်က ရှေ့နေ ဦးမင်းလွင်ဦးက ထောက်ပြပါတယ်။
“ဦးသိန်းစိုးက အရင်တုန်းက စစ်ဥပဒေချုပ်က လာတဲ့လူဖြစ်တယ်။ စစ်တပ်ကနေပြီးတော့ ပြောင်းလာတဲ့လူ။ ထို့နည်းတူစွာပဲ တရားရုံးချုပ်က ဒေါက်တာတင်အောင်အေး ဆိုတာကလည်း ၁၉၈၈ ခုနှစ် ရွေးကောက်ပွဲတွေ ကျင်းပပြီးတဲ့ အချိန်မှာ တက်လာတဲ့ တရားသူကြီးချုပ် ဖြစ်တယ်။ အဲဒီလို တက်မလာခင်ကလည်း သူက မြန်မာနိုင်ငံ မဆလ စစ်အစိုးရအဖွဲ့မှာ အလုပ်သမား ဒု-၀န်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့လူ ဖြစ်တယ်။
“ဒါကြောင့် ကျနော်တို့ကတော့ ကော်မရှင် အဖွဲ့ဝင်တွေက လွတ်လပ် မျှတတဲ့လူတွေ မဟုတ်ဘူး၊ နအဖ စစ်အစိုးရရဲ့ ထိန်းချုပ်မှု အောက်ကနေပြီး လွတ်လွတ်လပ်လပ် ဆောင်ရွက်နိုင်တဲ့လူတွေ မဟုတ်ဘူးဆိုတာ ကျနော်တို့ ပြောနိုင်တယ်။
“ထို့နည်းတူစွာပဲ အဖွဲ့ဝင်တွေထဲမှာ တိုင်းရင်းသားတွေ ပါတယ်။ အဲဒီ တိုင်းရင်းသားတွေကလည်း စီးပွားရေး လုပ်ငန်းတွေကို လုပ်ဆောင်နိုင်တဲ့လူတွေ ဖြစ်တယ်ဆိုတာကို ကျနော်တို့ သိရတယ်။”
တကယ်တော့ အများပြည်သူ ယုံကြည်ကိုးစားတဲ့ ရွေးကောက်ပွဲ ကော်မရှင် ခေါင်းဆောင်တွေ ဖြစ်ဖို့ဆိုတာက နိုင်ငံရေး အစဉ်အလာကောင်းတဲ့၊ စွဲလမ်းမှုကင်းပြီး သမာသမတ်ကျတဲ့ သူတွေ ဖြစ်မှသာ နိုင်ငံတကာ စံချိန်စံညွှန်းကို မီနိုင်မှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
“နိုင်ငံရေး အတွေ့အကြုံ ရှိတဲ့သူတွေ ဖြစ်ဖို့လိုတယ်။ နောက်ပြီးတော့ နိုင်ငံရေး အစဉ်အလာ ကြီးမားခဲ့ဖူးတဲ့၊ နိုင်ငံရေး လောကမှာ ဖြတ်သန်းခဲ့ဖူးတဲ့ အတွေ့အကြုံတွေရှိတဲ့ သူတွေ ဖြစ်ဖို့ လိုပါတယ်။ အဲဒီလို မဟုတ်ဘဲနဲ့ အခုလို ရွေးချယ်တင်မြှောက်လိုက်တဲ့ ဥစ္စာက ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ဘာမှ အတွေ့အကြုံ မရှိတဲ့သူတွေ ဖြစ်တယ်။ အဖွဲ့ဝင်တွေ ၃ ဦးမက၊ ၁၀ ဦးဖြစ်နေပါစေ၊ အဲဒီလူတွေက အတွေ့အကြုံ မရှိဘူးဆိုရင် ကျနော်တို့အနေနဲ့ ဒီကော်မရှင် အပေါ်မှာ ဘယ်လိုမျိုး အားကိုးအားထား ပြုရမလဲဆိုတာ ပြန်လည်စဉ်းစားဖို့ လိုပါတယ်။”
ဟောင်ကောင်အခြေစိုက် AHRC အာရှ လူ့အခွင့်အရေး ကော်မရှင်က ရှေ့နေ ဦးမင်းလွင်ဦး ပြောပြခဲ့တာ ဖြစ်ပါတယ်။
ရွေးကောက်ပွဲဥပဒေသစ် ရှက်ဖွယ်ကောင်းကြောင်း ဒေါ်အောင်ဆန်းစုကြည် ဝေဖန် 2010-03-11 RFA
မြန်မာစစ်အစိုးရက နေ့စဉ် ထုတ်ပြန်နေတဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေဟာ လူတဦး တယောက်ကိုပဲ ရည်ညွှန်း ရေးဆွဲထားသလိုဖြစ်နေတဲ့ အတွက် ရှက်စရာဖြစ်နေတယ်လို့ နေအိမ်အကျဉ်းကျနေတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ မတ်လ ၁၁ ရက်မှာ ပြောကြားလိုက်ပါတယ်။
နေအိမ်ကန့်သတ်မိန့် ပြစ်ဒဏ်နဲ့ တခြားအမှုကိစ္စတွေနဲ့ ပတ်သက်ပြီး ရှေ့နေကြီး ၂ ဦးနဲ့ တွေ့ဆုံရာမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောကြားလိုက်တာဖြစ်တယ်လို့ ရှေ့နေဦးဥာဏ်ဝင်းက RFA ကို ပြောပါတယ်။
'အခုထုတ်ပြန်နေတဲ့ ဥပဒေတွေနဲ့ ပတ်သက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည် ပြောတာက ဒီဥပဒေကို ကြည့်လိုက်တာနဲ့တဲ့၊ ပုဂ္ဂိုလ်တဦးတယောက်ကို ရည်ညွှန်း၊ ရည်ရွယ်ပြီးတော့ ရေးဆွဲထားသလို ထင်ရတဲ့အချက်တွေ အများကြီး ပါနေတယ်၊ အဲဒီဥစ္စာ လုံးဝမကောင်းဘူးတဲ့၊ အင်မတန် ရှက်စရာကောင်းတယ်တဲ့။ ဥပဒေရဲ့ ဂုဏ်သိက္ခာလည်း ကျဆင်းစေတယ်တဲ့။ အဲသလို ပြောပါတယ်။'
ဒ့ါအပြင် ဒီဥပဒေဟာ လူ့အခွင့်အရေးကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်လိုက်တာ ဖြစ်ပြီး ပြည်သူတွေအနေနဲ့ ညီညီညွတ်ညွတ် တုံ့ပြန်ဖို့သာ လိုကြောင်း....
ဒ့ါအပြင် ဒီဥပဒေဟာ လူ့အခွင့်အရေးကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်လိုက်တာ ဖြစ်ပြီး ပြည်သူတွေအနေနဲ့ ညီညီညွတ်ညွတ် တုံ့ပြန်ဖို့သာ လိုကြောင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က လက်ရှိ နိုင်ငံရေး အကျပ်အတည်း များလာတာဟာ အလုပ်ကို ပိုပြီး ထိထိရောက်ရောက်ဆောင်ရွက်နိုင်ဖို့ အား ဖြစ်စေတဲ့အကြောင်း၊ ဥပဒေသစ်ကြောင့် ပါတီဝင်ရပ်တည်ခွင့်၊ ပါတီရပ်တည်ခွင့်တွေနဲ့ ပတ်သက်ပြီး စိုးရိမ်စရာမရှိတဲ့ အကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က မှာကြားတယ်လို့ သိရပါတယ်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ နိုင်ငံရေးအရ ဖြေရှင်းရမဲ့ အနေထားတွေနဲ့ ပတ်သက်လို့ သူမြင်တာနဲ့ သူစဉ်းစားမိတာတွေကို ပြောကြားခဲ့တယ်လို့လည်း ဦးဥာဏ်ဝင်းက ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးခဲ့တာတွေနဲ့ ပတ်သက်လို့ NLD ပါတီ ပြောခွင့်ရသူလည်း ဖြစ်တဲ့ ရှေ့နေ ဦးဥာဏ်ဝင်းနဲ့ RFA ဝိုင်းတော်သား ကိုကျော်မင်းထွန်းက ဆက်သွယ်မေးမြန်းထားပါတယ်။
ဆက်သွယ်မေးမြန်းချက်။ အသံဖိုင်ယူရန်
နိုင်ငံရေးအကျဉ်းသားတွေကို မတားမြစ်ဖို့ လူ့အခွင့်အရေးအဖွဲ့တိုက်တွန်း 2010-03-11 RFA
ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ထိန်းသိမ်းခံနေရတဲ့ နိုင်ငံရေးအကျဉ်းသား ၂၂ဝဝ ကျော်ကို ရွေးကောက်ပွဲကနေ တားမြစ်လိုက်တဲ့ စစ်အစိုးရ ရွေးကောက်ပွဲဆိုင်ရာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေသစ်ကို ပြန်ပြီး ပြင်ဆင်ဖို့ ဗြိတိန်နိုင်ငံ လန်ဒန်အခြေစိုက် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးက တောင်းဆိုလိုက်ပါတယ်။
ဒီနိုင်ငံရေးအကျဉ်းသားအများစုဟာ သူတို့ရပိုင်ခွင့်ဖြစ်တဲ့ နိုင်ငံရေးယုံကြည်ချက်ကို ရိုးရိုးသားသား ကျင့်သုံး နိုင်ဖို့ ကြိုးစားကြရင်း မတရားဖမ်းဆီး ထောင်ချခံရသူတွေဖြစ်ပြီး အခု ဥပဒေသစ်ဟာ ဆုံးရှုံးပြီးထားတဲ့ အခွင့်အရေးကို ပြန်မပေးတဲ့အပြင် နောက်ထပ် အခွင့်အရေးတွေကိုပါ ကန့်သတ်ခံလိုက်ရတာ ဖြစ်တယ်လို့ အဖွဲ့ကြီးရဲ့ မြန်မာနိုင်ငံဆိုင်ရာ ပြောခွင့်ရသူ Mr. Benjamin Zawacki က RFA ကို ပြောပါတယ်။
ဒီဥပဒေသစ်ဟာ နိုင်ငံရေး အကျဉ်းသားတွေအတွက် ရှိပြီးသား အနာပေါ် ဆားထပ်ဖြူးလိုက်တာလို့ပဲ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီးက မြင်ကြောင်း၊ အခု နိုင်ငံရေး ရပိုင်ခွင့်တွေ ပိုပြီး ဆုံးရှုံးသွားအောင် နိုင်ငံရေးပါတီတွေမှာ ဝင်ရောက်ခွင့် ပိတ်ပင်ခံလိုက်ရတဲ့အတွက် ဒီဥပဒေကို ပြင်ဆင် ရုပ်သိမ်းသင့်ပါတယ်လို့ မစ္စတာဇာဝါ့ကီးက ပြောသွားပါတယ်။
မြန်မာအာဏာပိုင်တွေအနေနဲ့ ဒီလို ကန့်သတ်တဲ့ ဥပဒေမျိုးထုတ်ပြန်တာထက် နိုင်ငံရေးအကျဉ်းသားတွေကို အမြန်ဆုံးပြန်လွှတ်ပြီး နိုင်ငံရေး အခွင့်အရေးတွေ ပေးဖို့လည်း တောင်းဆိုပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေလို့ပြောတဲ့နေရာမှာ ဒေါ်အောင်ဆန်းစုကြည်လည်း ထိပ်ဆုံးက ပါဝင်ပါတယ်လို့ မစ္စတာဇာဝါ့ကီးက ဆိုပါတယ်။
'ယေဘုယျပြောနိုင်တဲ့အချက်က ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံတွင်းမှာ ဖမ်းဆီးအကျဉ်းချခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို အများကြီး ကိုယ်စားပြုနေပါတယ်။ သူမကို ဘယ်တုန်းကမှ ဖမ်းဆီး အကျဉ်းချဖို့ မသင့်ပါဘူး။ အခု စစ်အစိုးရ ပါတီမှတ်ပုံတင်ဥပဒေဟာ ဒေါ်အောင်ဆန် စုကြည်ကို NLD ပါတီမှာ ဘယ်လိုမှ မပါဝင်နိုင်အောင်၊ ဒါမှမဟုတ် NLD ပါတီကို ဖျက်သိမ်းရအောင် တမင်စီမံရေးဆွဲထားတာ ဖြစ်နိုင်ပါတယ်' လို့ ပြောသွားပါတယ်။
အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးအနေနဲ့ စစ်အစိုးရ ရွေးကောက်ပွဲ မတိုင်ခင် နိုင်ငံရေး လူ့အခွင့်အရေး လှုပ်ရှားသူတွေအပေါ် ပိုမိုပြီး ဖိနှိပ်လာမှာကို စိုးရိမ်တယ်လို့လည်း ဒီကနေ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
၉ဝ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို စစ်အစိုးရ တရားဝင် ပယ်ဖျက်
2010-03-11 RFA
မတ်လ ၁၁ ရက် ဒီကနေ့ ထုတ်ပြန်တဲ့ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေသစ်အရ ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲ ရလဒ်တွေ ပျက်ပြယ်ပြီလို့ ပြဌာန်းလိုက်တဲ့အတွက် ၊ ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲရလဒ် အကောင်အထည်ဖော်ပေးရေး တောင်းဆိုနေမှုတွေဟာ အကျပ်အတည်း ဖြစ်သွားရပါတယ်။။
၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲတွေဟာ ၂ဝဝ၈ ခုနှစ် စစ်အစိုးရ ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့ လိုက်လျောညီထွေ မရှိတော့တဲ့အတွက် အဲဒီ ရွေးကောက်ပွဲ ရလဒ်တွေကို ပျက်ပြယ်တယ်လို့ မှတ်ယူရမယ်ဆိုပြီး ရွေးကောက်ပွဲဥပဒေသစ်မှာ ပြဌာန်းထားတာ ဖြစ်ပါတယ်။ ။ စစ်အစိုးရဖက်က အခုလို တရားဝင် ထုတ်ဖော်ပြောဆိုတာဟာ ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲ ကျင်းပပြီးနောက်ပိုင်းမှာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။ ။
ဒါပေမဲ့ စီအာပီပီ ခေါ် ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီကတော့ အဖွဲ့ဝင်ပါတီတွေ ရပ်တည်နေသမျှ ဆက်ပြီး တည်ရှိနေမှာ ဖြစ်တယ်လို့ စီအာပီပီ အတွင်းရေးမှူး ဦးအေးသာအောင်က RFA ကို ပြောပါတယ်။
'ဒီအမိန့်ကြော်ငြာ ဘာပဲဖြစ်ဖြစ် ဥပဒေတရပ်ကို ပြဋ္ဌာန်းခဲ့တုန်းက နိုင်ငံရေးပါတီတွေဟာ မှတ်ပုံတင်ခဲ့ရတယ်လေ။ အဲဒီတော့ လက်ရှိအချိန်မှာ NLD တို့၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်တို့ဟာ တရားဝင် ပါတီအဖြစ်နဲ့ ဆက်လက် တည်ရှိနေတယ်လို့ ကျွန်တော့အနေနဲ့ ယူဆပါတယ်။ ဒီပါတီတွေနဲ့ ဖျက်သိမ်းခံထားရတဲ့ ပါတီတွေ ပေါင်းပြီးတော့ တနည်းအားဖြင့် လွှတ်တော်ပေါ်ပေါက်ရေးကို ပူးပေါင်းဆောင်ရွက်ဖို့ ဖွဲ့စည်းခဲ့တဲ့ ကော်မတီဟာ NLD တို့၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီတို့ တည်ရှိနေသရွေ့တော့ ရှိနေဦးမယ်လို့ ကျွန်တော့အနေနဲ့ ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လွှတ်တော် ကိုယ်စားပြု ကော်မတီဆိုတာ သီးသန့်ပါတီတခု မဟုတ်ပါဘူး။ ဒီပါတီတွေ၊ ဒီပါတီတွေ ပေါင်းပြီးတော့ အကျိုးတူကိစ္စကို ဆောင်ရွက်ဖို့ ဖွဲ့စည်းထားတဲ့ ကော်မတီတရပ်သာ ဖြစ်ပါတယ်။ အခုအချိန်မှာကတော့ ဒီပါတီတွေအားလုံးက ဒီကော်မတီက ပျက်ပြယ်သွားပြီလို့ သော်လည်းကောင်း၊ ဒီအဖွဲ့ကို ဖျက်သိမ်းလိုက်ပြီလို့ သဘောမထားသေးတဲ့အတွက်ကြောင့် ဒီ လွှတ်တော်ကိုယ်စားပြု ကော်မတီဟာ ရှိနေသေးတယ်လို့ ကျွန်တော့အနေနဲ့ ယုံကြည်ပါတယ်။'
အမည်မဖော်လိုတဲ့ ဝါရင့် အမျိုးသမီးရှေ့နေကြီးတဦး ကတော့ ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲ ရလဒ်တွေ ပျက်ပြယ်ပြီလို့ စစ်အစိုးရဖက်က အမိန့်ထုတ်ပြန်တဲ့နေ့ကစပြီး ၉ဝ ခုနှစ် ရလဒ်ကို အခြေခံထားတဲ့ စီအာပီပီ သာမက ၉ဝ ခုနှစ် ရွေးကောက်ပွဲမှာ ရွေးကောက်ခံခဲ့ရတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေပါ သက်တမ်းကုန်သွားပြီင်္လို့ RFAကို ပြောပါတယ်။ ဒါကြောင့် စီအာပီပီနဲ့ ပြည်တွင်းက လွှတ်တော်ကိုယ်စားလှယ်တွေကို စစ်အစိုးရက အရေးယူမယ်ဆိုရင်တောင် ယူနိုင်တယ်လို့ သတိထားသင့်ကြောင်း အဆိုပါ အမျိုးသမီးရှေ့နေကြီးက သတိပေးပါတယ်။။
အထူးသဖြင့် ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ အင်အယ်ဒီပါတီအနေနဲ့ ၉ဝ ခုနှစ် ရွေးကောက်ပွဲရလဒ်တွေ အကောင်အထည်ဖော်ပေးရေး တောင်းဆိုဖို့ မဖြစ်နိုင်တော့သလို နိုင်ငံရေးအရလည်း အန်အယ်ဒီမှာ ပိုပြီး အကျပ်တွေ့သွားစေတယ်လို့ ရန်ကုန်နိုင်ငံရေး အကဲခတ်တွေက ပြောပါတယ်။
ဒါပေမဲ့ စီအာပီပီနဲ့ ၉ဝ ခုနှစ် လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ အခန်းကဏ္ဍကို စစ်အစိုးရက အမိန့်နဲ့ ထုတ်ပြန် ပယ်ဖျက်လို့မရနိုင်ဘူးလို့ အန်အယ်ဒီ ဗဟိုအလုပ်အမှုဆောင် ဦးဝင်းတင်က RFA ကို ပြောပါတယ်။၊ ပြည်ပရောက် လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန်းစန်းကတော့ ၉ဝ ခုနှစ် ရွေးကောက်ပွဲ ရလဒ်ကို စစ်အစိုးရ အသိအမှတ် မပြုတော့ပေမဲ့ ဆက်လက်ပြီး တိုက်ပွဲဝင်သွားမယ်လို့ ပြောကြားသွားပါတယ်။

